Thursday, November 3, 2011

" ကျွန်တော်နှင့် အင်တာနက်အလန်းများ " (၂)


" အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်။ ( တာရာမင်းဝေ)"
" အိမ်သာတက်ရင်း ၀မ်းချုပ်တယ်ဆိုရင်တောင်မှ ဗိုက်နာခြင်းကို ငါပိုင်တယ်။ ( ကြယ်စင်သာဂိ)"

စာသားများကို ဖတ်ရင်း ဟ-ဘာလဲဟ ဟု ကျွန်တော့်ဘာသာ နှုတ်က လွှတ်ခနဲထွက်သွားသည်။ ရန်ကုန်ပြန်ရောက်နေသော သာဂိ၏ Facebook ပေါ်မှ စာသားပါ။ လက်စွမ်းကား ထက်လှ၏။

ကျွန်တော် ရန်ကုန်ကို ခဏပြန်သွားချိန်မှာ သာဂိက ကျွန်တော့်ကို လာတွေ့သည်။ သူနှင့်ကျွန်တော် အွန်လိုင်းမှာ မေးလ် အဆက်အသွယ်ရှိနေသေး၍ သူက ကျွန်တော် ရန်ကုန်လာမည်ကို သိနေသည်။ ထိုစဉ်က သူပြောခဲ့သည်ကို ကြည့်ပါ။

" အစ်ကို သူများတွေ ဘလော့ရေးနေတယ်။ ကျွန်တော်လည်း လုပ်ချင်တယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ အစ်ကိုလာတုန်း ရှင်းပြပါဦး "

သည်တော့ ကျွန်တော်တတ်သလောက်၊ မှတ်သလောက် ရှင်းပြခဲ့သည်။ ကလောင်ကိုလည်း သူ့စိတ်ကြိုက်ရွေးဖို့ အကြံပေးခဲ့၏။ 'မိမိရွေးချယ်သော ကလောင်သည် မိမိ၏ စာကို ညွှန်းနိုင်သည်' ဟူသော ရှေးဆရာကြီးများ၏ အယူအဆတစ်ခုကိုလည်း သူ့ကို ပြောပြခဲ့သေး၏။

သည်လိုနှင့် သကောင့်သားမှာ ဘလော့ဖြစ်မဖြစ်တော့ မသိ။ ကလောင်နာမည်ကိုတော့ ကျွန်တော် စင်ကာပူပြန်ရောက်ပြီး သိပ်မကြာခင်မှာ Facebook မှာ တွေ့ရလေတော့သည်။ ကြည့်လေ။ ' ကြယ်စင်သာဂိ' တဲ့။ ဘာကြီးမှန်းကို မသိ။ သည်လိုနှင့် သာဂိကို ဂျီတော့မှာတွေ့တော့ မေးရတော့သည်။

" ညီလေး။ မင်းရဲ့ ကလောင်နာမည်လေး ရှင်းပြပါဦးကွာ။ ငါတော့ သိပ်နားမလည်ဘူး "

" ကျွန်တော်က တာရာမင်းဝေ ကြိုက်တယ်လေ အစ်ကို။ ဒီတော့ သူ့လို ခပ်ဆင်ဆင်လေး ပေးထားတာ။ သူက တာရာ။ ကျွန်တော်က ကြယ်စင်။ မကောင်းဘူးလား။ ဟဲ...ဟဲ "

" မကောင်းဘူး။ ဟိုက တာရာနောက်မှာ မင်းဝေပါတော့ ခေါ်ရတာလည်း ကောင်းတယ်။ နာမည်လည်း လှတယ်။ မင်းကျတော့ ရှေ့က ကြယ်စင်က ဟုတ်သလိုလိုနဲ့ နောက်က မင်းနာမည် သာဂိထည့်လိုက်တော့ နာမည်က ပြရော "

"ကျွန်တော့်ကို စင်ကာပူမှာတုန်းက အမှတ်တရ ပေးထားတဲ့နာမည်မို့လို့ပါ အစ်ကိုရာ။ ဒါဖြင့် ကျွန်တော် နောက်တစ်ခု ရွေးထားတာ ရှိသေးတယ်။ ကျွန်တော်က မောင်စိန်ဝင်း(ပုတီးကုန်း) လည်း ကြိုက်တော့ သာဂိ( ရွှေပန်းတော) ဆို ကောင်းမလား အစ်ကို "

ရွှေပန်းတောသည် သာဂိ၏ ရွာဆိုသည်ကို Facebook မှာ သာဂိတင်ခဲ့သော ' ဇာတိမြေ ခရီးစဉ် ' ဆိုသည့် ခေါင်းစဉ်အောက်မှ ပုံတွေကို ကြည့်ပြီးသိခဲ့ဖူးသည်။

" မင်းက ဘာစာတွေ ရေးမှာလဲ။ သူများကို ကြိုက်တာနဲ့ သူများနာမည်တွေ ယူစရာ မလိုပါဘူး။ မင်းနာမည် မင်းရွေးပေါ့။ ဘာကောင်းလဲလို့ မမေးနဲ့။ သူများကို မတုရင် ပြီးရော။ ကြိုက်တာ အကုန်ပေးလို့ရတယ်။ "

" ကျွန်တော်က ရေးလို့ရတာ အကုန်ရေးမှာ အစ်ကို။ သူများတွေလည်း ဒီလိုပဲ ရေးနေကြတာ "

ကျွန်တော်ကတော့ သာဂိစိတ်ချမ်းသာလျှင် ပြီးရော သဘောထားကာ လွှတ်ပေးလိုက်တော့သည်။ စာရေးချင်သူတစ်ဦးအတွက် စာရေးစရာ နေရာတစ်နေရာ ရှိလျှင် လုံလောက်ပေလိမ့်မည်။ စာရေးဆရာ တစ်ယောက်သည် သည်လိုသာ အစပျိုးရင်း တဖြည်းဖြည်းနှင့် လှမ်းခဲ့ရသည် မဟုတ်လား။

****************

တကယ်တော့ သာဂိထံမှ ဘာဘလော့မှ ထွက်မလာ။ အဘယ့်ကြောင့်ဆိုသော် သာဂိကား Facebook ပေါ်တွင် Status များသာ လျှောက်ရေးနေသောကြောင့်ပင်။ ကြည့်ဦးလေ။ သာဂိ၏ Facebook ပေါ်မှ Status အလန်းများ။

" ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး " ( တာရာမင်းဝေ)
" ခုံဖိနပ်မှာ အ၀ါရောင် ခွေးချေးနဲ့ ကောင်မလေး " ( ကြယ်စင်သာဂိ)

မိုက်သည်။ ကျွန်တော်လည်း ဖတ်ပြီး ရယ်မိ၏။ ဘာတွေမှန်းကို မသိ။ သူ တာရာမင်းဝေ ကြိုက်ခြင်းသည် တာရာမင်းဝေ အတွက်တော့မလွယ်။ ကွယ်လွန်သွားရှာပြီမို့သာ တော်တော့၏။ နို့မို့ဆို သာဂိလက်ချက်နှင့်ပင် တာရာမင်းဝေ အခါခါ သေလောက်သည်။

" သာဂိ၊ မင်းဟာက Status မှ မဟုတ်တာ။ သူများစာတွေ အတုခိုးပြီး လိုက်တင်နေတာပဲကွ "

" မဟုတ်ဘူးအစ်ကို။ ကျွန်တော် လက်ရည်သွေးနေတာ။ ခေါင်းစဉ်လှလှလေးတွေကို တာရာ မင်းဝေရဲ့ မော်ဒန် သီအိုရီ သုံးပြီး ရှာနေတာလေ။ အစ်ကို အခု ဖတ်ရတာတွေက ကျွန်တော် ပွားပြီး တွေးယူထားတာ အစ်ကိုရ။ နောက်ထပ် ရှိသေးတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း) သီအိုရီလေ။ ကျွန်တော်ရေးထားတာလေး အစ်ကို ဖတ်ကြည့် "

ပြောလည်းပြော၊ ဂျီတော့မှ တဗြုန်းဗြုန်းနှင့် မြန်မာလို တက်လာသော သာဂိ Message ကို ကြည့်ပါဦး။

" အနုသယလမ်းမှာ
သမုဒယ ပန်းကို ကြိုက်မိတော့
ဘုကျကျနဲ့ ကန်းမိုက်နေတုန်းမှာပဲ
( အချစ်ရယ်...ငါလေ )
ပုကွကွနဲ့ လွမ်းလိုက်တော့မယ်။ ။"

ပြီးရော။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် တွေ့လျှင် ကဗျာစာအုပ် ဆက်မထုတ်ဖို့ ပြောရဦးမည်။ သာဂိ (ရွှေပန်းတော) ၏ စာအုပ်များက အရောင်းပိုသွက်သွားနိုင်သည် မဟုတ်လား။ သူ့ကဗျာကို ဖတ်ရင်း အရပ်ပုကွကွနှင့် သာဂိကို မြင်ယောင်မိသေးသည်။

" သာဂိရေ-လန်းတယ်ကွာ"

ပြောရင်း သည်ဘက်မှာ ကျွန်တော်ပြုံးနေမိသေးသည်။ သာဂိကား ကျွန်တော်မမြင်နိုင်သော တစ်ဖက်မှာ သဘောကျနေလေမလား မသိ။

*****************

" ဆီဒိုးနားဟိုတယ်တွင် ညစာစားနေသည် "

ခုတလော သာဂိ၏ Status များကား အစားအသောက်ကိစ္စများ ပါလာသည်။ ယောက်ျားလေးတစ်ယောက်က ထိုသို့ အစားအသောက်များကို Status အဖြစ် တင်နေသည်ကို ကျွန်တော်အံ့ဩမိ၏။ သာဂိကို အွန်လိုင်းမှာတွေ့တော့ မေးကြည့်ရသည်။

" သာဂိ။ မင်းအဲဒါတွေ ဘာလို့တင်နေတာလဲ။ အရည်မရ၊ အဖတ်မရ။ အဲဒါမိန်းကလေးတွေမှ လုပ်တာ "

"အစ်ကို ပြောလို့ ကျွန်တော်က ပြောရဦးမယ်။ ကျွန်တော့်သူငယ်ချင်းတွေလေ။ အစ်ကို့ကို တစ်ခါ ပြောခဲ့ဖူးတယ်။ ရွာမှာနေတုန်းက အေးပုတို့၊ ထွေးငယ်တို့၊ ဘုတ်မတို့ဆိုတာလေ "

" ဪ-အေး။ မှတ်မိပြီ။ သူတို့က ဘာဖြစ်လို့လဲ "

"ဟာဗျာ-စလုံးရောက်ပြီး မလုပ်ဖူးတာတွေလုပ်၊ မစားဖူးတာတွေစား။ ပြီးတော့ စကား အကြီးကြီးတွေ ပြော။ တော်ကြာနေရင်း ဘယ်နားမှာ ဘယ်သူနဲ့ ဘာစားနေပြန်ပြီတို့။ ဘယ်သူနဲ့ ဘယ်နားမှာ ဘာလုပ်နေပြန်ပြီတို့။ အဲဒါတွေ မြင်ပြီး ကျွန်တော်လည်း မြင်ပြင်းကတ်တာနဲ့ ရွဲ့ပြီး အဲဒါတွေ တင်နေတာ "

"သူတို့က မိန်းကလေးပဲကွာ။ သူတို့မှာ တင်စရာမရှိတော့လည်း ဒီလိုပဲ စိတ်ထဲ ရှိတာလေးတွေ လျှောက် တင်တာ နေမှာပါ။ မင်းက နားလည်ပေးရမှာပေါ့။ သူတို့လည်း ကိုယ့်ပိုက်ဆံ ကိုယ်သုံးပြီး တင်နေတာပဲ။ မင်းပိုက်ဆံ ယူသုံးနေတာမှ မဟုတ်တာ "

" ဒါပေမဲ့ အစ်ကိုရာ၊ အစ်ကိုပဲ စဉ်းစားကြည့်။ သူတို့လိုသာ တင်မယ်ဆိုရင် တင်နိုင်တဲ့သူတွေ အများကြီး မဟုတ်ဘူးလား။ သူတို့ထက်ကောင်းတဲ့ နေရာတွေမှာ စားနေသူတွေ စလုံးမှာ တစ်ပုံကြီး။ အဲဒီလို သူတွေတောင်မှ မတင်တာ။ သူတို့သိဖို့ကောင်းတယ်။ သူတို့က မနေ့တစ်နေ့ ကမှ ရောက်ပြီး တောင် တင်၊ မြောက်တင်နဲ့။ ကျွန်တော့်အယူအဆကတော့ သူတို့ သက်သက်ကို ကြွားနေတယ် လို့ကို ယူဆတာ "

" မိန်းကလေးဆိုတော့လည်း ဒီလိုပဲပေါ့ကွာ။ မင်းကနားလည် ပေးရမှာပေါ့။ သူတို့ရဲ့ စရိုက်ကိုက အဲဒီလိုလေးတွေ ရှိပါလားလို့ မင်းနားလည်ပေးလိုက်ရင် အိုကေပါတယ်ကွ "

" ကျွန်တော်လည်း ရွဲ့ပြီး တင်နေတာပါ အစ်ကိုရာ။ စိတ်နဲ့ကိုယ် အခန့်မသင့်ရင် ဒီလိုပါပဲ "

" ဒါနဲ့ မင်းက တကယ်ရော အဲဒီနေရာတွေမှာ သွားစားနေတာလား။ မင်းတင်လိုက်တဲ့ နေရာတွေမှာလေ။ အခုဆိုငါတွေ့တာ ဆီဒိုးနားမှာတဲ့။ အဲဒါဟုတ်လား "

" သွားစားတာတော့ တကယ်ပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဒင်နာလေ။ ဖုန်းကတော့ တင်လို့မရဘူး။ အင်တာနက်ဆိုင်ရောက်မှ ကောက်တင်လိုက်တာ "

ကောင်းကွာ ဟု ဆိုကာ ကျွန်တော် သဘောကျစွာဖြင့် သူနှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပါသည်။ သာဂိသည် လူတစ်မျိုးဟု ကျွန်တော်နားလည်လိုက်ရပြန်ပါသည်။ သိပ်မကြာခင်မှာပင် သာဂိ၏ လန်းနေသော Status များကို ဆက်တွေ့ရပါတော့သည်။

" ဆာကူရာတာဝါ၏ ထိပ်တွင် ကော်ဖီသောက်နေသည်။ ( သူငယ်ချင်းများနှင့်။ နိုင်ငံခြားက ပြန်လာသော သူငယ်ချင်းတစ်ယောက် လိုက်တိုက်သောကြောင့်)"

" ထရိတ်ဒါးဟိုတယ်တွင် နေ့လယ်စာ စားနေသည်။ ( Myanmar Time မှ Sudoku ဖြေရာတွင် မှန်သွားသောကြောင့် )"

ဟုတ်တော့ ဟုတ်နေသည်။ သာဂိသူငယ်ချင်း ယောက်ျားလေးများက မှတ်ချက်ပေးရာတွင် ငကြွားဟု လာရေးသွားတာ တွေ့ရသည်။ ကျွန်တော် ပြုံးမိပြန်၏။ သာဂိသူငယ်ချင်း မိန်းကလေးများကလည်း စင်ကာပူကနေ ဘာတွေဆက်တင်နေလဲ မသိ။ သာဂိကလည်း Non stop လွှတ်နေသည်။

သူ့ကိုယ်သူ ငကြွားဟု အထင်ခံရသည့်တိုင် သာဂိ၏ Status များက ပြောင်းမသွားခဲ့။ သူတင်တာတွေ ဖတ်ကြည့်သည့်အခါတိုင်းလည်း ပြုံးရ၏။ တစ်ခုမျှ သူ့ဘာသာ လုပ်တာမပါ။ ဖရီးကစ်ချည်းသာ။ သူ့ဘာသာသူတော့ အဆင်ပြေနေ၏။

****************

" စိတ်တွေရှုပ်နေတယ်။ စကားလာမပြောကြပါနဲ့။ လူတွေကို စိတ်ကုန်တယ် "

"ငါ့မနက်ခင်းတွေကို ဘယ်သူယူထားလဲ "

" လဲလို့ရမယ်ဆို အားလုံးကို ငါလဲပစ်မယ်။ ပြီးတော့ တစ်ယောက်တည်း ငါနေမယ်"

" ဟိုးမှာ အစိမ်းရောင်တောင်တွေ။ ငါတို့ စိမ်းလန်းခဲ့တယ်။ အခုတော့ ခြောက်သွေ့နေခဲ့တာ ကြာပြီ"

လာပြန်ပြီ။ သာဂိ၏ မရိုးနိုင်သော အလန်းများ။ အသစ်များ။

" ဟေ့ကောင်။ ဘာဖြစ်ပြန်ပြီလဲ "

" ဘာရယ်မဟုတ်ဘူး အစ်ကို။ ပျင်းတာနဲ့ လက်ဆော့နေတာ "

" မင်းလက်ဆော့တာ ငါတို့လို Facebook က အသိတွေက တစ်မျိုးထင်မိတယ်ကွ။ မင်းများ ပြဿနာတွေ တက်နေလားလို့တောင် ထင်နေတာ"

"ဒါဆို ကျွန်တော် အောင်မြင်တာပေါ့။ မော်ဒန်လေ အစ်ကို။ သစ်ကြည့်တာ။ လူတော်တော်များများက Facebook ထဲမှာဆို ဘယ်သူ့ကိုမှ မပြောတဲ့ ခံစားမှု ထူးထူးဆန်းဆန်းတွေ တင်တတ်လို့ ကျွန်တော်လည်း လန်းကြည့်လိုက်တာ။ မိုက်လား အစ်ကို "

ကျွန်တော် မဖြေ။ သူ့ Status ၏ အောက်မှာ ကျွန်တော်ဖတ်လိုက်ရသော သူ့သူငယ်ချင်းတစ်ယောက်၏ မှတ်ချက်ကို ကျွန်တော်တွေ့တော့ ပြုံးမိသေးသည်။ သာဂိကို ' မင်းတော့ ရူးနေပြီ' တဲ့။ ကျွန်တော်ကတော့ သူ့ကို ရူးသည်ဟု မနောက်ပါ။ တချို့တွေကလည်း Like ဟု လာလုပ်သွားသေးသည်။ သာဂိကို ရူးနေပြီဟု ပေးထားသော မှတ်ချက်ကို ကြည့်လိုက် Like လုပ်ထားသူတွေ၏ နာမည်များကို ကြည့်လိုက်ဖြင့် ကျွန်တော်ပြုံးရသေးသည်။ မပြုံး ခံနိုင်ရိုးလား။ တချို့က ထို Status များကို ရူးနေပြီဟု မှတ်ချက်ပေးထားသည့်တိုင် တချို့က ကြိုက်သည်ဆိုသောအခါ ထိုသူများသည်လည်း နည်းနည်းတော့ ထူးနေလေပြီ။

ကျွန်တော်ကတော့ သာဂိကို သဘောတရားတစ်ခုသာ ပြောပြလိုက်ပါသည်။ လုပ်သည်၊ မလုပ်သည်။ နားလည်သည်၊ နားမလည်သည်က သာဂိ၏ လက်ခံနိုင်မှု အပိုင်းဟု ကျွန်တော်ထင်သည်။

"လူတိုင်းမှာ စိတ်ခံစားချက်ဆိုတာတော့ ရှိကြတာပေါ့ကွာ။ အစ်ကိုလည်း နားလည်ပါတယ်။ အစ်ကိုဆိုလည်း အာဆင်နယ် တော်တော်ကြိုက်တော့ အာကြီးအကြောင်းတွေ လျှောက်တင်လေ့ရှိတယ်။ တစ်ခါတစ်ခါတော့ စဉ်းစားတယ်။ ငါတို့က စိတ်ထဲရှိတာတွေ အကုန်လုံးကို ဒီအထဲမှာ လျှောက်ရေးနေမလားလို့။ ဘယ်သူ့မှ ရိုက်စစ်စရာမလိုတဲ့ ငါတို့ Life က ဒီထဲမှာ အကုန်ရောက်နေပါပေါ့လား လို့လည်း တွေးမိတယ်။ နောင် တစ်ချိန် ကျရင်သာ အဲဒီလို သူများသိထားတဲ့ ကိုယ့်ဘ၀ကို တကယ်လက်ခံနိုင်မှာလား ဆိုတာကို စဉ်းစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Celebrity လို့ပြောကြတဲ့ နာမည်ကြီး အနုပညာရှင်တွေတောင် အင်တာနက်မှာ မဟုတ်တာတစ်ခါ ပါလာရင် ဖြေရှင်းဖို့ ခက်ကြတာလေ။ ဘာမှမဟုတ်တဲ့ ကိုယ်က အလကားနေရင်း ကိုယ့်ရဲ့ကိစ္စတွေ လျှောက်ပြောနေတာ နောင်တစ်ချိန်မှာတော့ နာမည်ကြီး တစ်ယောက်ရဲ့ ဒုက္ခမျိုး မခံရနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ အဲဒါ မှန်လား၊ မမှန်လားဆိုတော့ မင်းလည်း စဉ်းစားတတ်တာပဲ သာဂိရာ။ စဉ်းစားကြည့်ပေါ့ "

" ပြီးတော့ ကိုယ်အောင်မြင်နေတုန်း Status တွေကို စုံနေအောင်တင်ပြီး ကိုယ် အဲဒီလို မလုပ်နိုင်တဲ့နေ့ကျရင်ရော။ အင်တာနက်ကနေ အသာလေး လျှိုထွက်သွားမှာလား။ ကိုယ့်အကြောင်း သိနေတဲ့ အပြင်ကလူတွေကြားမှာ ကိုယ်တစ်ချက်မှားတာနဲ့ ကွဲမှာပဲလေ။ အားလုံးဟာ ချင့်ချိန်ပြီး လုပ်သင့်တယ်လို့ အစ်ကိုတော့ ထင်မိတယ်။ မင်းလည်း သူများတွေ ဘာလုပ်လုပ် လိုက်ရိမနေပါနဲ့။ ပင်ပန်းတယ်။ အားလုံးက ကိုယ့်စရိတ် ကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲကွာ။ ကိုယ့်သမိုင်း ကိုယ် ရေးကြပါလိမ့်မယ်"

ကျွန်တော့်စိတ်ထဲ ရှိသည်ကို သာဂိကို ချပြလိုက်သည်။ ဘာတုန့်ပြန်မှုမှ ပြန်မလာတော့။ သာဂိကျွန်တော့်ကို နှုတ်ဆက်၍ အွန်လိုင်းက ထွက်သွားသည်။

***************

အစ်ကို

ကျွန်တော် ဘလော့စရေးပါတော့မယ်။ အစ်ကို့စကားတွေ ပြန်စဉ်းစားပြီး ဘယ်ဟာက အမှန်လဲလို့ တွေးနေပါတယ်။ ကျွန်တော်လုပ်နိုင်တာတွေ ထဲက ကောင်းတာလေးတွေတော့ ပြန် လုပ်ကြည့်လိုက် ပါဦးမယ်။

တစ်ခါတစ်ခါ သူငယ်ချင်းတွေနဲ့ဆုံဖို့ရယ်၊ ကျွန်တော်ပေးချင်တဲ့ ကောင်းတဲ့ Message လေးတွေ ရှယ်ဖို့ရယ်၊ သူငယ်ချင်းတွေ ရှယ်ထားတဲ့ ကောင်းတဲ့ Message လေးတွေ ဖတ်ဖို့ရယ် အတွက်တော့ Facebook ကို ရံဖန်ရံခါ တက်ခဲ့ပါမယ်။

အမြင်ကတ်လို့ လျှောက်ရိနေတာတွေတော့ ရပ်ပစ်လိုက်ပါပြီ။ အစ်ကိုပြောသလို ကိုယ့်သမိုင်း ကိုယ်ရေးကြတာပေါ့ဗျာ။

အစ်ကို့ကို ကျေးဇူးတင်လျက်
သာဂိ

အီးမေးလ်ကို ဖတ်ပြီး ကျွန်တော် သဘောကျစွာ နောက်တစ်ခေါက်ပြန်ဖတ်သည်။ သာဂိထံမှ ပို့လိုက်သော မေးလ်ပါ။

နောက်ဆုံး အဆုံးသတ်ကိုတော့ အခေါက်ခေါက် ပြန်ဖတ်နေ၏။ ကြယ်စင်သာဂိလည်း မဟုတ်။ သာဂိ (ရွှေပန်းတော) လည်း မဟုတ်တော့။ သည်တစ်ခါတော့ သာဂိသည် သာဂိဖြစ်လို့နေတော့၏။ လူမှန်၊ နေရာမှန်ကို သာဂိတစ်ယောက် ရောက်သွားလေပြီဟု ကျွန်တော်နားလည်မိသလို နောက်ထပ်လည်း ဘယ်သူ့ကိုမျှ၊ ဘာစောင်းတရားတွေ ဟောနေတော့မှာ မဟုတ်တော့ဟု သာဂိကို ကျွန်တော် ယုံကြည်နေမိပါတော့သည်။ ။

သားလတ်
၁၀:၄၅နာရီ
၃.၁၁.၁၁

10 comments:

Han Kyi said...

ကိုဆူးသစ်ရေ...

ပို့စ်လေး လှလိုက်တာဗျာ...၀ထ္ထုတိုဆိုတာထက် သရော်စာဆန်ဆန်လေးရေးထားတာကိုး...စကားပြောအက်ဆေးလည်း နည်းနည်းဆန်သလိုလို...ဒါပေမယ့် ဖတ်ရတာ သွက်နေတယ်...မြူးကြွနေတယ်...စာလုံးရွေးချယ်သုံးနှုန်းထားတာကလည်း ကိုယ်ပြောချင်တာကို ထင်ဟပ်နိုင်စွမ်းလည်း ရှိပါရဲ့...

ဒီပို့စ်ကိုဖတ်ပြီးတော့ ကိုယ်တိုင်တောင် စာရေးရမှာ နည်းနည်းတွန့်သွားတယ်...ဒီလောက် သွက်သွက်လက်လက် မရေးနိုင်မှန်း သိနေလို့...

Angelhlaing(May everybody be happy and healthy! said...

အတွေးရော အရေးပါ မိုက်တယ်အကို.... အသိဝင်၊မှတ်သားစရာလေးတွေလည်း ရရှိလို့ ကျေးဇူးပါအကို..

Anonymous said...

ဘာလို.သွားတားရတာဒုန်း..
သူ.ရင်ထဲကအဖြူထည်လေးရှိနေတာကို...
ရှင်တားလိုက်မှ...သူလဲနာတို.လိုလက်ညှိုးထောင်ဂေါင်းညှိပ်ဖစ်တော.မယ်....ဟိဟိ..စတာ
သရော်စာလိုလို..လေးအရမ်းကောင်းပါတီ....
အဲ.လိုလေးတွေတင်ပေးပါ...တန်းကြူးပါ..

စံပယ်ချို said...

ရေးသားချက်တွေနဲနဲပြောင်းသွားတယ်ထင်တယ်ဖတ်ရင်းနဲ့ပြုံးရမလိုပါဒါပေမဲ့ ဟာသလဲမဟုတ်ဘူး
မှတ်သားစရာလဲရတယ်
ခင်မင်တဲ့ jasmine

ဆူးသစ် said...

ကျွန်တော်ရေးတာ Satire လို့ ခေါ်တဲ့ သရော်စာပါခင်ဗျာ။ ဟာသမဟုတ်ပါဘူး။
ကိုဟန်ကြည်-ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရေးလက် အဲဒီလောက် မကောင်းသေးဘူးထင်ပါတယ်။ အခုတချို့တောင် ကျွန်တော်ရေးတာသဘောမပေါက်ကျသေးလို့လေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး သဘောကျလို့ အသံထွက်အောင် ရယ်နေမိတယ်.. အစကတော့ တကယ့်အဖြစ်အပျက်လို့တောင် ထင်မိတာ.
တော်တော်လန်းတဲ့ သာဂိပါလား
ဖေ့ဘွတ်ဇာတ်ခုံပေါ်က အဖြစ်အပျက်တွေကို မီးမောင်းထိုးပြထားသလိုပါဘဲ။
သာဂိရဲ့ စတေးတပ်တွေကိုလည်း သဘောကျလို့ ကူးထားမလားတောင် စိတ်ကူးမိသေး...
ကိုဆူးသစ်.. အိုင်ဒီယာသိပ်ကောင်းတယ်..

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီး.....
အမြဲလိုလို အွန်လိုင်းပေါ်မှာ တွေ့လေ့ရှိတဲ့ သရော်စာလေးတွေပေါ့အကိုရာ
တခါတလေလည်း ထိမိမိနဲ့ လှလှပပ စာသားလေးတွေကိုလည်း တွေ့ရလေ့ရှိပြန်တယ်
facebook ကိုတော့သိပ်ပြီးသွားလေ့ မရှိဘူးအကိုရာ
ပေါက်တကရတွေ တွေ့ရလေ့ရှိလိုမို့ပါ။

(အကိုဟိုတစ်ခါ ပြောခဲ့တဲ့ ကျွန်တော့်ဘလောက်ဒ်မှာ home လုပ်ဖို့က ကျွန်တော်မလုပ်တတ်ဘူးဖြစ်နေတယ်အကို နောက်ပြီး တော့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကိုလည်း ထည့်ချင်တယ် ဖြစ်နိုင်ရင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ကိုရယူနိုင်မယ့် လင့် လေးပေးပါအုံးအကို)
လေးစားစွာဖြင့် (မင်းဧရာ)

mstint said...

မောင်ဆူးသစ်ရေ ရေးတဲ့သူကလည်း အိုင်ဒီယာကောင်း ဖတ်သူကလည်း ချက်ဆိုနားခွက်ကမီးတောက် အံဝင်ပါဘိကွယ်။ အန်တီတော့ကြိုးစားရအုံးမယ်။ စာပေလေ့လာမှု အားကောင်းသူတွေကို အားကျမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

အစ်ကို.. လာလည်ကြောင်းလေးပြောချင်တာပါ.. ညီမ စာမေးပွဲပြီးမှ စာတွေလာဖတ်မယ်နော်... လင်ခ့်လည်းယူသွားတယ်..
(comment နေရာမှာလာရေးလို့ စိတ်မဆိုးပါနဲ့နော်.. cbox မတွေ့မိလို့ပါ)

ချောကလက်ကျူးပစ်လေး said...

ဒီပို့စ်လေးကိုမိုဘာမှာတွေ့ပြီးအရမ်းသလောကျလွန်းလို့
ဒီအထိလိုက်လာပြီးအားပေးတာပါ။ ရေးချက်အရမ်းထိမိပါတယ်ဗျာ့

Related Posts Plugin for WordPress, Blogger...